February 26, 2011

မြို့ပြ နှင့်.......အဝေး

ဝင်္ကာဘာတော မှာပဲ
အခြေစိုက်ရအောင် ကောင်မလေးရယ်...
ကွဲအက်အက် သွေးထိုးသံတွေ
ငါတို့နဲ့ ဝေးပါစေ။

သူတို့မယုံလို့ ငါတို့မြတ်နိုးခြင်းကို
ပုံပြင်တော့ မလုပ်စေချင်ဘူး
ဒဏ္ဍာရီ အဖြစ်ပဲ
ကျောက်ထွင်းကြရအောင်။

သဇင်ပန်းတွေတော့ ကြွေနေပြီ
နင်လိုက်ရဲလား........

မမေးပါနဲ့လား
ဘုရားအဆူဆူမှာ တိုင်တည်လိုက်တယ်
နင်ကငါ့ရင်က ခရမ်းနုရောင်ဂီတ တစ်စင်း
တေးမသီနဲ့
မခံနိုင်သူကြားရင် ရူးရချည်ရဲ့။

Nightingale ဟစ်ကြွေးလို့ပြီးရင်
ငါ့ကိုနှိုးပါ
တေလေတစ်ယောက်နဲ့ ခရီးဆက်ရဦးမယ်။

February 23, 2011

ဝေဒနာ သုံးခုမြောက်

သေသေချာချာ တွက်ကြည့်လိုက်တယ်
ညီမျှခြင်း အလွန်မှာ ငါပဲရှိတယ်
ဘဲစားဘဲကြေ ဆိုပြီး မချေပါနဲ့ဦး
ကျွန်တော် ကသတ်သတ်လွတ်သမား


ရာသီသုံးခု ၀ိုင်းကြီးပတ်ပတ် ကစားတယ်
သူကတိ မတည်ဘူး နွေရာသီမှာ ၀သန် ကျဲခဲ့ဖူးတယ်
ဒိုးပတ်နဲ့ မကဖြစ်ပေမယ့်
ကိုယ့်ဘ၀ကိုယ် ပျော်ပါတယ် ...... ဒီလိုနဲ့ပဲ ပြုံးတုံးတုံး ငါလုပ်လိုက်တယ်
သုံ့ပန်းလိုရင်ပြောကြပါ ငါစစ်မတိုက်ချင်လို့

ယတြာချေပြီး နာမည်ပြောင်းမိခဲ့
'....' လို့ငါ့ကိုခေါ်ပါ '....' '....'
အစပ်အဟပ်မတည့်ဘူး မပြောပါနဲ့
ဒီတိုင်းပဲထားလိုက်ပါ။ ထားလိုက်ပါ။

အတိတ်ကို ထုတ်ရောင်းပြီး
အနာဂတ်ကို ၀ယ်ခဲ့တယ်
ပစ္စုပ္ပန် ကတော့ခဏနေဦး
ရှေ့ဆက်ရမယ့်ခရီး လေးလွန်းလို့
ပျင်းနေရင်တော့ သဘောပါ
လိုရာသွားပေါ့
ငါ့ကိုပါခေါ်သွားပါ။ ခေါ်သွားကြပါ။
မိုးမထိ အိပ်မက်တွေ နဲ့ ကစားကြရအောင်

February 16, 2011

ယဉ်ကျေးမှု့  ပြက္ခဒိန်

အများကြီး မရှင်းပြပါနဲ့
တိုတိုလေးပဲ နှုတ်ဆိတ်ငြိမ်သက်လိုက်
နားမလည်တဲ့သူတွေ
သူတို့ကိုယ်တိုင် နိဂုံးချုပ်စေ

အဝေးကြီး လိုက်မရှာပါနဲ့
နီးနီးလေးမှာပဲ ရပ်နေပါ
ထွက်ပြေးတဲ့ သူတွေ
လမ်းမှန်ရောက်အောင်ဆုတောင်းကြရအောင်

အရှည်ကြီးမတွေးပါနဲ့
တစ်ကြောင်းတည်းနဲ့ ရာဇ၀င်တွင်စေ
မဖတ်တတ်သူတွေ
ကျော်သွားပြီး စုတ်သပ်ကြပါစေ

ဒီကဗ္ဗည်းကို ငါကိုယ်တိုင်ထွင်းမယ်
ဝိညာဉ်တွေက နှောက်ယှက်တုန်းခဏပါ
အတိတ်ကိုလွန်ရင် သူတို့ပြာကျစေ
လက်မှတ်မပါဘဲ ငါတို့အတူရွက်လွှင့်ကြမယ်...... ဟိုးမှာမြင်ရတဲ့ တိမ်အစိမ်းရောင်တွေဆီကို ပေါ့

February 1, 2011

နှလုံးသားရဲ့ နောက်ဘဝ

နှင်းခါးတွေ ရွာတဲ့နေပေါ့
နေမင်းကြီးတောင်ပုန်းနေရတယ်

စေတနာမပါပဲ ငါ လေ၀ဲအနမ်း တစ်ခါ ပေးလိုက်တယ်
ပြုံးပြုံး ပြုံးပြုံးနဲ့ သူနှုတ်ဆက်ပြီးပြန်သွားတယ်

နှလုံးသားနာရေးကြော်ငြာမရှိလို့
ငါမကြော်ငြာခဲ့ပါဘူး
သဂြိုလ်စရိတ်မကုန်ပါဘူး
ပြာတော့ကျကောင်းပါရဲ့
နှလုံးသားအတွက်ရော
နောက်ဘ၀ဆိုတာရှိလား

အသစ်ပျိုး မျိုးစေ့မရှိသလို
ဘီယာဆိုင်လဲမသွားဘူး
ကဗျာတွေထိုင်ရေးနေတုန်း

မင်းခိုက်စိုးစန် ကတော့ပြောသား
အချစ်က လူကို ကဗျာဆရာဖြစ်စေတယ်တဲ့

သူ့စကားကို ငါမငြင်းသလို လက်လဲမခံဖြစ်ဘူး

ယားတယ်ယားတယ်နဲ့ ငါ့သူငယ်ချင်းအော်တယ်
ငါမကုတ်ပေးမိပါဘူး သူကအသဲယားတာလေ
ဆရာဝန်ဆိုရင်တော့ ဆေးပေးမိကောင်းလေရဲ့
ခုတော့ ငါ warning ပဲပေးလိုက်တယ်