June 20, 2011

"Free" never let u down



ထာဝရဆိုသောအရာ


အလင်းနှစ်ပေါင်း များစွာတိုင်
ငါ့ ၀ိညာဉ် နေထိုင်ခဲ့သား
ဆေးကုလို့မရတော့တဲ့ သုညတွေကြား
ငါ့ ဂီတတွေလဲ ပုန်းလျှိုး ကွယ်လျှိုး

နှင်းဆီ နက္ခတ်တဲ့ ငါတိုက်တိုက်ဆိုင်ဆိုင်လွဲချော်နေခဲ့သလား
တိုးတိုးလေးပဲ ငါဖျားလိုက်တယ်
သူတို့တွေကတော့ ရယ်ရယ်မောမော ပါပဲ
ငတေ နဲ့အတူ လိုက်သွားကြတယ်

ဆောင်းတွင်းနဲ့လွဲတဲ့ ရွက်ခြောက်တို့လဲ
ဝင့်ဝင့် ၀ါဝါပဲ မြေခကြတယ်

ဓါတ်လိုက်ခံရတဲ့မိုးရေလိုပေါ့
ငါ့နှလုံးသားလဲ တဖျစ်ဖျစ်နဲ့
မီးတွေဘာတွေ မွှေးလို့

ကဲကဲ.. အားလုံး...အားလုံး
တိုးတိုးလေး နေရာယူပေးကြပါ
ထာဝရ ပန်းတွေပွင့် တော့မယ်


(မှတ်ချက်။ ထာဝရပန်းပင်သည် Sempervivum Crimsonette ဟုခေါ်တင်ပြီး latin ဘာသာအရ "Everlasting ဟု ဓိပ္ပါယ် ရသည်။ ထိုကဲ့သို့ မျိုးစိတ်ကို monocarpic plants ဟုခေါ်ပြီး ဤပန်းပင်မျိုးသည် တစ်သက်တွင် တစ်ကြိမ်သာ ပွင့် ပြီး အပွင့် ပွင့်ပြီးသော အခါသူပါ နိဂုံးချုပ်၏။")

June 15, 2011

အမှတ်အသား

ကျွန်တော် သူငယ်ချင်းတစ်ယောက် ကပြောတယ် tattoo ဆိုတာ လူတစ်ယောက် ကို အမှတ်အသားပေးလိုက် သလိုပဲတဲ့။ ကျွန်တော် အဲ့တုန်းကတော့ လက်ခံချင်သလိုလို ရှိပါတယ် သေချာစဉ်းစား ကြည့်တော့ အဲ့ tattoo မထိုး ခင်က သူ့ကို လူတွေ က ဘာအမှတ်အသားပေး ကြသလဲ?

တချို့လူတွေက branded တွေ ကိုသုံးတယ် တစ်မျိုးထဲသုံးတဲ့ လူရှိသလို ပေါင်းစုံသုံးတဲ့ လူရှိတယ် brand ကိုလိုက်ပြီး အဲ့လူကို အမှတ်အသား ပေးလိုက်သလား ?

တချို့ က အရောင် အစွဲရှိတယ် အဲ့ အရောင် ကို နဲ့ သူ့ကို တွဲမှတ်ထားမိသလား?

မျက်နှာ လား၊ ရေမွှေးနံလား၊ စကားသံလား၊ ပုံပန်းသဏ္ဌာန်လား။

ဘာတွေ နဲ့များ သင့်သူငယ်ချင်းတွေ မိတ်ဆွေတွေ ကိုသင် အမှတ်အသားလုပ်ထားခဲ့ သလဲ

ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လုပ်ဖူးတယ် ဟိုဘက်ခန်းမှာနေတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ် တစ်ယောက် က cotton on ကပစ္စည်းတွေ အရမ်းသုံးတော့ cotton on မြင်ရင်သူ့ကို သတိရမိတယ်
အဲ့လိုပဲ နောက်တစ်ယောက် က မမစိမ်း အစိမ်းရောင် ပစ္စည်းလှလှ လေးတွေမြင် ရင်သူ့ကို သတိရမိပြန်ရော။

မကောင်းဘူးလို့မပြောပါဘူး။ ဒါပေမယ့် လူတစ်ယောက် ကို ဆိုးတဲ့ အမှတ်အသားတစ်ခုနဲ့ မှတ်မိခဲ့တယ်ဆိုပါတော့။ ဥပမာ ပြောရရင် နှာခေါင်းမှာအပေါက်ဖောက်တဲ့ လူ သည် သူခိုးဖြစ်သည်။
stereotype စပြီ။ လူတစ်ယောက်ထဲတင်မကတော့ဘူး အဲ့လို နှာခေါင်းဖောက်တဲ့လူတိုင်း သူခိုးဖြစ် သလို ခိုးမိတဲ့လူလဲ အမြဲ သူခိုးဖြစ်သွားတယ်။

လူတွေ ဟာ အချိန်နဲ့ အမျှပြောင်းလဲ နေတာဖြစ်လို့ သူတို့ ကို တစ်ကျော့ပြန်အခွင့်အရေးပေးဖို့လို တယ်။
မွေးကတည်းက ခုချိန်ထိ မပြောင်းလဲဘူးထင်တဲ့ သင့်အရေပြား ဟာ ၂၄ နာရီတိုင်း ၁ မီလီယံရှိတဲ့ skin cells တွေ ပြောင်းလဲ နေပါတယ်။

အခွင့်အရေးပေးတယ်ဆိုတာဇွတ်မှိတ်ယုံခိုင်းတာ မဟုတ်ပါဘူး တစ်ခါလောက်ဖြစ်ဖြစ်ယုံကြည့်မှု့လေးပေးလိုက်ပါ။
လူတစ်ယောက်ရဲ့ ဘာမှမဆိုစလောက် ယုံကြည့်မှု့လေးဟာ တစ်ခြားလူတစ်ယောက်အတွက် မဟာကံထူးခွင့်ကြီးဖြစ်နိုင်နေတယ်။





ငြိမ်းချမ်းခြင်းနှင့်အခြေတည်သော

မိုးအိပ်မက်

June 13, 2011

သော့


Union လုပ်လိုက်လဲ ပေါင်းမသွားတဲ့ အထဲမှာ
ခံစားချက်တွေများ ပါသလား

ခြံစည်းရိုးပေါ်လမ်းလျှောက်ရသလိုပဲ ချစ်သူရယ်
ယိုင်တိယိုင်တိုင် သွေးတစို့စို့

ဟိုတစ်ခါကပင်လယ်တွေပြောသလိုပေါ့
ငါ့အပြစ်ပဲထားလိုက်ပါ

လျှော့ဈေးနဲ့ ရောင်းတဲ့အထဲ ရံနံ့တွေထဲ့ပေးလိုက်ပါဟယ်
နောက်တစ်ခါလှည့်မကြည့်ကြေးပေါ့

လေညှင်းစီးသွားတဲ့မြူမှုန်ရယ်
မိုးမျှော်ပန်းပွင်တွေရယ် ငါရယ်
ငါ့ကိုယ်ငါသွားရှာမလို့ နဲနဲကြာမယ်

အိမ်ထဲမှာပြည့်စုံရှိတယ်
ဂိုထောင်ထဲမှာ စက်ဘီးအပိုတစ်စီးရှိတယ်
နင်ဘယ်သော့ယူမလဲ

May 15, 2011

တစ်ရံရောအခါ


အပြင်မှာ မိုးသံတို့ တေးညီးလို့
မိုးကြိုးတွေက ခြုံခိုတိုက်ခတ်ဖို့ တကဲကဲ

မာတိကာနှစ်ကြောင်းထဲနဲ့စာအုပ်
ဘယ်လောက်အထိထူနိုင်မလဲ

မထင်မှတ်တဲ့အသက်ရှူသံကြားတိုင်း
ဒဏ်ရာဟောင်းကလက်ခုပ်တီးတယ်

ပုန်းအောင်းနေရင်း ငါကိုယ်တိုင်ပဲ ပျောက်သွားမတတ်
နှင်းဆီချိုချိုတို့ မိုက်မိုက်မဲမဲ ကြွေကြတယ်

နင်ဘယ်တော့လောက်ပြန်မလဲ

ဂစ်တာကြီးလို ရင်ဘတ်မှာအပေါက်မပါတော့
ငါ့အပြုံးတွေနင်မကြားမိလောက်ဘူး

ပေါက်လွတ်ပဲစားတွေလိုပဲ အိပ်မက် မက်လိုက်တယ်
ငါ့မျက်နှာကြပ်မှာ
ကြယ်စုံလစုံ လောကကြီး ပြုံးဖြီးဖြီးနဲ့

May 9, 2011

အရိပ်

တရှိုက်မက်မက် မျက်လုံးစုံမှိတ်လိုက်တယ်
ငါ့ကိုယ်ငါပြန်ရှာရင်း ရင်မောရတယ်
လိုချင်တာတွေထဲ မှာ ကိုယ်တိုင် ညပ်ပါသွားသလား

ဂီတသမားတိုင်းမနူးညံ့ဘူး ချစ်သူ
သူတို့ကပြောတယ်
ကုလားမနိုင်ရခိုင်မဲ တဲ့
ကုလား ကိုမနိုင်ရင် နေပါစေ
ကိုယ့်ကိုယ် ကို အရင် နိုင်ပါရစေ

ဟိုဆရာကြီးပြောသလိုပေါ့
နေရာမှားရင် အညစ်အကြေးတဲ့

ချိန်ခွင်တောင်
လ နဲ့ ကမ္ဘာကြား မျက်နှာလိုက်ဖူးတယ်
အတိုင်းအတာတွေနဲ့ လုပ်ထားတဲ့ ငါမှမဟုတ်တာ
နင်ပြောသမျှ ခေါင်းညှိပ်မိတယ် ရွဲ့ရွဲ့စောင်းစောင်း

အလင်းထဲကို ပြေးထွက်ခါမှ မိုးကြိုးပစ်ချိန်နဲ့ ကြုံသွားတယ်