March 29, 2011

hAphAzArdly

နတ်ဆိုးတွေလဲကြွေကျတယ်
ပယောဂဆရာတွေလဲ ပလူးပလဲတွေဖြစ်လို့
တောင်ပံခတ်သံကြားတယ်
ခရမ်းရောင်မျက်ခုံးတွေနဲ့ နင်တို့တွေကြည့်တဲ့ အခါ..


ငါ့မှာမရှူနိုင်မကယ်နိုင် တွေးနေတုန်း
သစ်ရွက်တစ်ရွက်ကြွေတယ်
လေညှင်းတစ်ဝေ့တိုက်တယ်
ကမ္ဘာကတော့ဒီထက်ပိုလှမလာဖို့များတယ်

သူမပါးပြင်မှာ ပန်းနုရောင်တစ်ချက်တစ်ချက်လင်းတယ်
ဆေးပြယ်ပန်းချီကားတစ်ချက်ရင်မှာပိုက်လို့
ဝါ၀င်ဝါထွက်မှာသူမလဲ ပျောက်သွားခဲ့တယ်

သန်းခေါင်းယံနဲ့အတူငါကိုယ်ငါ မှောက်လိုက်တယ်
ခတ္တာတွေတောင် မွှေးလို့

March 25, 2011

ဗလောင်းဗလဲတမ်းချင်း

တကျိကျိနဲ့ ဓါးသွေးကျောက်နဲ့တိုက်တဲ့ ငါ့စိတ်ဓါတ်တွေ မြည်သံကြားတယ်
ဓါးသွေးကျောက်တောင် တော်တော်တုံးနေပြီ
အားနာလို့ ဆက်မသွေးဖြစ်ခဲ့ဘူး

နာကျည်တဲ့အခါတွေတော့ရှိတယ်
ဘာမှမဖြစ်ပါဘူးလေ
နှစ်စက္ကန့်ကြာရင် အတိတ်စာရင်းဝင်သွားမှာပဲ

မလုံမလဲနဲ့ ညနေခင်းကခိုးကြည့်တယ်
ငှက်တွေလဲပျံသွားတယ်
မိန်းမပျိုလဲရောက်မလာခဲ့ဖူး

မျက်ဝန်းတွေတောင်အတော်ဟောင်းကုန်ပြီ
မြတ်နိုးခြင်းနဲ့ ငါရောက်ခဲ့ပြီပဲ
နတ်ဆိုးတွေ လဲ အတုံးအရုံးလဲလို့

ကောင်းကင်ကောက်ကောက်ကြီး ကိုခိုပြီး
မိုးရွာတဲ့ အနောက်တောင်အရပ်ကို ငါသွားမယ်
လမ်းကြုံရင် ကျစ်ဆံမြီးနဲ့ ကောင်မလေးကိုပြောပြလိုက်ပါ
ငါသူ့ကိုလွမ်းနေတယ်လို့


ကျွန်ုပ် အိမ်ရဲ့မှတ်စုတို

မိုးသံကြားတရ် နွေသံကြားတရ် ဆောင်းသံကြားတရ်

ခွေးဟောင်သံကြားတရ် ကြောင်အော်သံကြားတရ် ဆူညံသံကြားတရ်

ထမင်းအိုးတူးသံကြားတရ် ဈေးသွားသံကြားတရ် ပန်းပင်ရေလောင်းသံကြားတရ်

ပုံပြောသံကြားတရ် ကြီးပျင်းသံကြားတရ်
ကျောင်းဖွင့်သံကြားတရ် စာကျက်သံကြားတရ်
ရန်ဖြစ်သံကြားတရ် ဆူငေါက်သံကြားတရ် ချော့မော့သံကြားတရ်

အောင်စာရင်းထွက်သံကြားတရ် ပျော်ရွင်သံကြားတရ်
အိပ်မက်မက်သံကြားတရ် စာရင်းတွက်သံကြားတရ်

ခွဲခွာသံကြားတရ် သတိရသံကြားတရ်
တိတ်ဆိတ်သံကြားတရ် အိုမင်းသံကြားတရ်
မျှော်နေသံကြားတရ် ပြန်ချင်သံကြားတရ်

အတိတ်သံကြားတရ် အတိတ်သံကြားတရ် အတိတ်သံကြားတရ်



March 23, 2011

တလေငပျင်း

ကိုယ်တိုင်ပဲမြေမြိုလိုက်တယ်
စမ်းတ၀ါးဝါးနေရတာ ပျင်းဖို့ကောင်းလို့

သစ္စပန်းတွေတော့ပွင့်ပါရဲ့
နေရောင်ခြည်မလာဘူးကွယ်......

ဒီနေ့ရော မနေ့ကလိုပဲ မိုးရွာဦးမှာလား
အရေးထဲအရာမပေါ်ချင်လို့ တိတ်တိတ်လေးဆုတောင်းလိုက်တယ်
"......................................"

ရက်ထပ်နှစ်ရောက်ရင်
ပြိုင်ပွဲစမယ်

March 14, 2011

All about U & ME








February 26, 2011

မြို့ပြ နှင့်.......အဝေး

ဝင်္ကာဘာတော မှာပဲ
အခြေစိုက်ရအောင် ကောင်မလေးရယ်...
ကွဲအက်အက် သွေးထိုးသံတွေ
ငါတို့နဲ့ ဝေးပါစေ။

သူတို့မယုံလို့ ငါတို့မြတ်နိုးခြင်းကို
ပုံပြင်တော့ မလုပ်စေချင်ဘူး
ဒဏ္ဍာရီ အဖြစ်ပဲ
ကျောက်ထွင်းကြရအောင်။

သဇင်ပန်းတွေတော့ ကြွေနေပြီ
နင်လိုက်ရဲလား........

မမေးပါနဲ့လား
ဘုရားအဆူဆူမှာ တိုင်တည်လိုက်တယ်
နင်ကငါ့ရင်က ခရမ်းနုရောင်ဂီတ တစ်စင်း
တေးမသီနဲ့
မခံနိုင်သူကြားရင် ရူးရချည်ရဲ့။

Nightingale ဟစ်ကြွေးလို့ပြီးရင်
ငါ့ကိုနှိုးပါ
တေလေတစ်ယောက်နဲ့ ခရီးဆက်ရဦးမယ်။

February 23, 2011

ဝေဒနာ သုံးခုမြောက်

သေသေချာချာ တွက်ကြည့်လိုက်တယ်
ညီမျှခြင်း အလွန်မှာ ငါပဲရှိတယ်
ဘဲစားဘဲကြေ ဆိုပြီး မချေပါနဲ့ဦး
ကျွန်တော် ကသတ်သတ်လွတ်သမား


ရာသီသုံးခု ၀ိုင်းကြီးပတ်ပတ် ကစားတယ်
သူကတိ မတည်ဘူး နွေရာသီမှာ ၀သန် ကျဲခဲ့ဖူးတယ်
ဒိုးပတ်နဲ့ မကဖြစ်ပေမယ့်
ကိုယ့်ဘ၀ကိုယ် ပျော်ပါတယ် ...... ဒီလိုနဲ့ပဲ ပြုံးတုံးတုံး ငါလုပ်လိုက်တယ်
သုံ့ပန်းလိုရင်ပြောကြပါ ငါစစ်မတိုက်ချင်လို့

ယတြာချေပြီး နာမည်ပြောင်းမိခဲ့
'....' လို့ငါ့ကိုခေါ်ပါ '....' '....'
အစပ်အဟပ်မတည့်ဘူး မပြောပါနဲ့
ဒီတိုင်းပဲထားလိုက်ပါ။ ထားလိုက်ပါ။

အတိတ်ကို ထုတ်ရောင်းပြီး
အနာဂတ်ကို ၀ယ်ခဲ့တယ်
ပစ္စုပ္ပန် ကတော့ခဏနေဦး
ရှေ့ဆက်ရမယ့်ခရီး လေးလွန်းလို့
ပျင်းနေရင်တော့ သဘောပါ
လိုရာသွားပေါ့
ငါ့ကိုပါခေါ်သွားပါ။ ခေါ်သွားကြပါ။
မိုးမထိ အိပ်မက်တွေ နဲ့ ကစားကြရအောင်